
မြန်မာတစ်ဝန်းရှိ ဒေသ ၁၈ ခုတွင် ဒုတိယအကြိမ်အဖြစ် ပြုလုပ်မည့် “ သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံအဝှမ်းစုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှု၌ ပြည်သူလူထုမှ အတူပူးပေါင်းပါဝင်နိုင်ရန် MPT က ဖိတ်ခေါ်
(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က မြန်မာ နိုင်ငံတစ်ဝှမ်းရှိ ဒေသ ၁၈ ခုတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ MPT ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ယင်းတို့၏ မိတ်ဆွေများနှင့် ပြည်သူအများ အတူစုပေါင်း၍ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ထင်ရှားသည့် နေရာများ၊ ဘုရားစေတီများနှင့် အများပြည်သူတို့သွားလာရာ အထင်ကရ နေရာများတွင် အမှိုက်ကင်းစင်စေရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုလို လူအများစုပေါင်းပါဝင်သည့် လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့နေ့ထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းစေရေးနှင့် ကျန်းမာသည့် နေထိုင်မှုအလေ့အထများ လူမှုအသိုက်အဝန်းအတွင်း ဖြစ်ထွန်းလာစေရေးမှာ အရေးကြီးကြောင်း အများပြည်သူများအနေဖြင့် ပိုမိုသိရှိလာစေရန်အတွက် လူထောင်ပေါင်းများစွာ ပါဝင်ခြင်းဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ပါသည်။
သန့်ရှင်းခေတ်မီ ရှေ့သို့ချီ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအစီအစဉ်များကို နိုင်ငံတစ်ဝန်းရှိ အောက်ဖော်ပြပါနေရာ များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။
MPT ၏ဒုတိယအကြိမ်မြောက်စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု
စဉ် | တိုင်း ပြည်နယ် | နေရာ |
၁။ | ကချင်ပြည်နယ် | ဧရာဦးပန်းခြံဆိပ်ကမ်း(မင်းရပ်ရပ်ကွက်)မှ ဝန်းသိုဘုန်းကြီးကျောင်း ဆိပ်ကမ်း(ရှမ်းစုမြောက်ရပ်ကွက်)အထိ (မြစ်ကြီးနား) |
၂။ | ကယားပြည်နယ် | သီရိမင်္ဂလာဈေး (လွိုင်ကော်) |
၃။ | ကရင်ပြည်နယ် | ကန်သာယာပတ်ဝန်းကျင် (ဘားအံ) |
၄။ | ချင်းပြည်နယ် | ပြည်သူ့ဆေးရုံကြီး (ဟားခါး) |
၅။ | မွန်ပြည်နယ် | သီရိမြိုင်ရပ်ကွက်၊(ပင်စင်စား) ဝန်ထမ်းအိမ်ယာ တစ်လျှောက် (မော်လမြိုင်) |
၆။ | ရခိုင်ပြည်နယ် | ပွိုင့် ကမ်းခြေ (စစ်တွေ) |
၇။ | ရှမ်းပြည်နယ်(အရှေ့) | နောင်တုံကန်ပတ်လမ်း (ကျိုင်းတုံ) |
၈။ | ရှမ်းပြည်နယ်(တောင်) | အနာက်မြို့ပတ်လမ်း၊ ကျောက်တလုံး၊ ကက္ကူသွားလမ်း (တောင်ကြီး) |
၉။ | ရှမ်းပြည်နယ်(မြောက်) | သူနာပြုနှင့် သားဖွားသင်တန်းကျောင်း မြို့မဈေးနှင့် လားရှိုး ပြည်သူ့ဆေးရုံကြီး (လားရှိုး) |
၁၀။ | ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းယားကန်ဘောင်(ကမ္ဘာအေးလမ်းမကြီး) |
၁၁။ | မန္တလေးတိုင်းဒေသကြီး | သုဓမ္မာဇရပ်များတလျောက်(မန္တလေးမြို့ ကျုံးမြောက်ဖက်)၊၁၂ – ၆၆လမ်းနှင့် ကျောက်တော်ကြီးဘုရားကြီး(မန္တလေး) |
၁၂။ | မကွေးတိုင်းဒေသကြီး | မြသလွန်စေတီတော် (မကွေး) |
၁၃။ | စစ်ကိုင်းတိုင်းဒေသကြီး | ကန်သာယာ။ ကွေ့ကြီးရပ်ကွက် (မုံရွာ) |
၁၄။ | ပဲခူးတိုင်းဒေသကြီး (အရှေ့) | မဟာစေတီဘုရား (ပဲခူး) |
၁၅။ | ပဲခူးတိုင်းဒေသကြီး (အနောက်) | ကမ်းနားလမ်းတစ်လျှောက် (ပြည်) |
၁၆။ | ဧရာဝတီတိုင်းဒေသကြီး | ဦးပါရဲဘုရားဝန်း (ဟင်္သာတ) |
၁၇။ | တနင်္သာရီတိုင်းဒေသကြီး | နေရာ ၁ – ထားဝယ်ပညာရေးကောလိပ်မှ ရေးလမ်းထောင့်လမ်းဆုံထိ
နေရာ ၂ – ထားဝယ်ပညာရေးကောလိပ်မှ အာဇာနည်လမ်းအထိ (ထားဝယ်) |
၁၈။ | နေပြည်တော် | မြို့မဈေး နှင့် ကားဂိတ် (နေပြည်တော်) |
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “ အခုပြုလုပ်တဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုက ဒုတိယအကြိမ်မြောက်ဖြစ်ပြီးဒီတစ်ခေါက်မှာ အရင်ကထက်စာရင် စေတနာ့ဝန်ထမ်းတွေပိုပြီး ပါဝင်လာတာကို တွေ့ရခြင်းက ကျွန်တော်တို့ MPT ဝန်ထမ်း တွေသာမကပဲ ပြည်သူလူထုတွေကပါ ဒီအစီအစဉ်ကို ပါဝင်ဖို့ စိတ်အားထက်သန်နေတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေး အော်ပရေတာ တစ်ခုအနေနဲ့ အများပြည်သူနဲ့ ဝန်ထမ်းပေါင်း ၆,၀၀၀ ကျော် က ထင်ရှားတဲ့နေရာတွေမှာ ဝိုင်းဝန်းသန့်ရှင်းအောင်ကူညီခြင်းနဲ့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ လူတွေ နေ့စဉ်ဖြတ်သန်း သွားလာနေကြတဲ့ ထင်ရှားတဲ့ နေရာမျိုးတွေမှာ အမှိုက်သရိုက်တွေစွန့် ပစ်တာမျိုးနဲ့ တံတွေးထွေးတာလိုမျိုး စတဲ့လုပ်ရပ်တွေ လုပ်နေကြတာကို တွေ့ရပါတယ်။ အဲလို အပြုအမူတွေက လှပတဲ့နေရာ ပတ်ဝန်းကျင်ကို ညစ်နွမ်းစေရုံသာမကဘဲ ကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လဲလူတိုင်းအတွက် သန့်ရှင်းပြီး ကျန်းမာစေတဲ့ နေရာတွေဖြစ်အောင် ထိန်းသိမ်းကြဖို့ အကြံပေးချင် တာလဲ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။
ဆက်လက်၍ Mr. Yoshiaki Benino က “ နှလုံးသားထဲကမြန်မာ ဆောင်ပုဒ်နဲ့အညီ ကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေကို သာမကဘဲ လိုအပ်တဲ့နေရာတွေမှာ ဒေသတွင်းအစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ နဲ့ အတူပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင် ပံ့ပိုးပေးနိုင်တဲ့ တစ်ခုတည်းသော အော် ပရေတာတစ်ခု ဖြစ်ခွင့်ရတဲ့ အတွက်အရမ်းဂုဏ်ယူမိပါတယ်။ အားလုံး အတူတူ ဝိုင်းဝန်းပြီး ပါဝင်တဲ့ သန့်ရှင်းရေး ပြုလုပ်ခြင်းနဲ့ ကောင်းမွန်တဲ့နေ့လေးတစ်ရက်ဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ပြောကြား သည်။
နိုင်ငံတစ်ဝှမ်း သန့်ရှင်းရေးလှုပ်ရှားမှုကို MPT ၏ ဝန်ထမ်းအင်အားနှင့် ပြင်ပမှ စေတနာရှင် စုစုပေါင်း ၆,၀၀၀ ကျော်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူများ၏ လူမှုဝန်းကျင်သာယာလှပ စေရေးအတွက် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်သည့် ထူးခြားအောင်မြင်သော ပွဲတစ်ခု ဖြစ်သည်။ ယခုအားထုတ်မှုမှတစ်ဆင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင် သာယာလှပမှုကို ထိန်းသိမ်းသွားနိုင်မည်လည်း ဖြစ်ပါသည်။ ၎င်းမှာရေရှည်အတွက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများတွင် MPT၏ ရည်မှန်းချက်များဖြစ်သော ကျန်းမာရေး၊ ပညာရေး နှင့် စီးပွားရေးကဏ္ဍများ တွင်လည်းအကျိုးပြုသွားနိုင်မည် ဖြစ်ပါသည်။ ကျန်းမာသော ပတ်ဝန်းကျင်တစ်ခု ၌ နေထိုင်ခြင်းဖြင့် အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ကျန်းမာရေး ကိုထိခိုက်စေနိုင်သော အန္တရာယ်ရှိသော အကျိုးဆက်များမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။